Saturday, May 2, 2009

သူ့ကိုစတွေ့ကတည်းက
သဘောကျခဲ့တဲ့ငါ
မလှမ်းမကမ်းမှာ ရုတ်တရက်
လှမ်းလှမ်းတွေ့လိုက်ရရင်
ငါငေးငေးမိသွားတယ်။
ဒါပေမယ့် လူမသိခင်
ငါထိန်းခဲ့ပါတယ်။
တစ်နေ့က
သူ ငါ့ဆီ တည့်တည့်လျှောက်လာတယ်။
တုန်နေတည့်ရင်
ခုန်နေတဲ့ နှလုံးသားကို
သတိတစ်ချက်လှမ်းပေးရင်း
အပြုံးလှမ်းလာတဲ့သူ့ကို
ခပ်စူးစူးကြည့်ပစ်လိုက်တော့
လက်ချောင်းတွေမှာအေးစက်စက်ဖြစ်လို့။
"ကဗျာစာအုပ်လေး အားပေးပါဦး"တဲ့
ချိုသာတဲ့သူစကားသံ
အခါခါ ထက်ကြားချင်နေမိတဲ့ ငါ့နားကို
ခပ်ပြင်းပြင်း တီးပစ်လိုက်ချင်ပါရဲ့။
"ကဗျာမကြိုက်လို့"လိုငြင်းရင်း
သူ့ရှေ့ကထွက်လာခဲ့တော့
နှလုံးသားကမဲ့တဲ့တဲ့။
ကဗျာ.......
တကယ်ဆို ငါဟာ
ကဗျာတွေကို အရူးအမူးမြတ်နိုးတတ်သူလေ။
ဒါပေမယ့် ငါ့နှလုံးသားကို
"ကဗျာ"ဆိုတဲ့ ငါးမျှားချိတ်ကြီးမှာ
အလွယ်တကူ ချိတ်ပေးလိုက်ဖို့
သတ္တိတွေ မရှိပါဘူး။
သူက....ရက်စက်တတ်တဲ့ ဘီလူးမဟုတ်ပါဘူး
ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင်လည်းမဟုတ်ပြန်ဘူး။
ဒါပေမယ့်လည်း
သူ့ကိုငါ မမျှော်လင့်ချင်ပါဘူး
သူနဲ့ကိုယ်က.....
မတူညီတဲ့ အသိုင်းအဝိုင်း
မညီမျှတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းခဲ့ကြတဲ့ လူနှစ်ယောက်လေ။
လျှောက်ခဲ့ကြတဲ့လမ်းက တူပေမယ့်
ဦးတည်ရာခရီးက တစ်ခြားဆီလေ
သူ့ဘက်က လှည့်ကြည့်ခဲ့ရင်တောင်
သူလှည့်ကြည့်တာကို သိနိုင်ဖို့
ကိုယ်က ရပ်ပြီး ငေးမနေချင်တော့ပါဘူး။
အဝေးကနေ မြင်နေရရုံ
စိတ်ထဲကနေ တွေးနေရရုံနဲ့
ငါ့နှလုံးသားကို ဖြေသိမ့်ရင်း
ငါတိတ်တိတ်လေး ဆွေးနေပါတော့မယ်။

No comments:

Post a Comment